သန်လျင်မြို့နယ်တွင် Stay at Home ကာလ  စေတနာရှင်အလှူရှင်များက စားသောက်ကုန် များစုပေါင်းလှူဒါန်း

သန်လျင် အောက်တိုဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အမှန်တကယ်လိုအပ်သော ပြည်သူများအား စေတနာရှင်အလှူရှင်များက စုပေါင်းကာ ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံစားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ဒါရ်ကာရပ်ကွက် အလင်းရောင်လူငယ်များ၊ စေတနာရှင်အလှူရှင်များ စုပေါင်း၍ ဒါရ်ကာရပ်ကွက်၊ ကန်သာယာ (၁) လမ်းအတွင်းရှိ အမှန်တကယ်လိုအပ်သော အိမ်ထောင်စု (၈၅) စုအား တစ်အိမ်ထောင်လျှင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန် ၃ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငါးခြောက် ၁ ထုပ်တို့အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း Stay at Home ကာလ ကိုဗစ်- ၁၉ ရောဂါ ပြန့်နှံ့မှုမှ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ မြို့မိမြို့ဖများ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအထောက်အကူပြုကော်မတီများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များနှင့် ပြည်သူများ ပူးပေါင်းကာ ဆောင်ရွက်လျှက်ရှိပြီး မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များနှင့် ထမင်းဘူးများအား လူမှုရေးအင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာရှင်အလှူရှင်များက အမှန်တကယ်လိုအပ်သော နေရာများသို့ သွားရောက်ကာ လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)