ကွမ်းခြံကုန်းမြို့နယ်၌ (Stay at Home) ကာလတွင် အကြောင်းမဲ့ပြင်ပသွားလာမှု မရှိစေရေးနှင့် မြို့တွင်း ဖြတ်သန်းမည့်ယာဉ်များအား စစ်ဆေးခြင်းများနေ့စဉ်ဆောင်ရွက်

ကွမ်းခြံကုန်း အောက်တိုဘာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (Stay at Home) ကာလအတွင်း ပြည်သူများ အကြောင်းမဲ့ပြင်ပသွားလာမှုမရှိစေရေးနှင့် မြို့တွင်းဖြတ်သန်း သွားလာနေသော ယာဉ်များအား နယ်ကျော်ခရီးသွားလာမှု ခွင့်ပြုချက်ရှိ/မရှိ စစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါစစ်ဆေးဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့တွင်းလမ်းများပေါ်တွင် အကြောင်းမဲ့ပြင်ပထွက်ခွာမှုမရှိ စေရေးအတွက် အပြင်ထွက်လာ သူတိုင်းအား စစ်ဆေးမေးမြန်းခြင်း၊ ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သည့်သူများအား သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ပါ/မပါစစ်ဆေးခြင်း၊ အကြောင်းပြချက် မခိုင်လုံပါက သွားလာခွင့်မပြုခြင်း၊ မြို့နယ်ကျော် သွားလာနေသော ကုန်စည်ပို့ဆောင်နေသည့် ယာဉ်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုသော (QR Code Pass) ပါမှ မြို့နယ်အတွင်း ဖြတ်သန်းသွားလာ ခွင့်ပြုခြင်း၊ တာဝန်အရ သွားလာမည့်သူများ၊ ကျန်းမာရေးကိစ္စများမှလွဲ၍ နယ်မြေကျော် ခရီးသွားလာခွင့်မပြုခြင်း၊ (Stay at Home) ကာလဖြစ်သဖြင့် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန် နှိုးဆော်အသိပေးခြင်းများကို နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)