ဟိုပုံး အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက်၁၀နာရီအချိန်မှစတင်၍ စံဖူး ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စု တို့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ပါရှိနိုင်ရေး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင် ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ ကျေးရွာအရောက် ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ် ပြင်ပထွက်ခွာပါ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးမပြုလုပ်ကြနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကိုလိုက်နာဆောင်ရွက်ကြရန် တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဟိုပုံးမြိုနယ်၊ စံဖူးကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာ အုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသော ပြည်သူ(၂၄၀)ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)