ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလ ပန်းဆိုးတန်း/ဒလ သင်္ဘောဆိပ်ကမ်း၌ ခရီးသည် ၆၀၀ ကျော် နှင့် ဝါးတန်း-ဒလ ကားကူးဇက်၌ ကားအစီးရေ ၈၀ ခန့် ကူးသန်းသွားလာ

ရန်ကုန် အောက်တိုဘာ

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) သင်္ဘောဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင်၊ အနယ်နယ် အရပ်ရပ်က ခရီးသွားမိဘပြည်သူများစွာတို့ကို  စီးပွားရေးမြို့တော်  ရန်ကုန်မြို့သို့  ချယ်ရီ သင်္ဘော()စီးဖြင့် နေ့စဉ် ကူးတို့ပို့ဆောင်ပေးလျက်ရှိသလို ရန်ကုန်ဝါးတန်း(ကီလီ) မှ ဒလ ကားကူးဇက်ယာဉ်လမ်း၌ ကုန်စည်နှင့် မော်တော် ယာဉ်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိရာ  လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း  ပိုးတွေ့လူနာများပြားလာခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေအိမ် တွင် နေထိုင်ရေး(Stay at Home) ကြေညာလိုက်ပြီးနောက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူ နည်းပါးလာပြီး သင်္ဘောခရီးစဉ်များ နှင့် ကားကူးဇက်ယာဉ်ကူးတို့လမ်းတို့၌  ပုံမှန်ခေါက်ရေထက်လျော့ချပြီး ခရီးသည် သွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်များပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် ခရီးသည်နှင့် မော်တော်ယာဉ် သွားလာမှု အခြေအနေပေါ်မူတည်ပြီး ရပ်နားခြင်းမရှိဘဲ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း၊  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) မှ  တာဝန်ရှိသူတစ်ဦးထံ က သိရသည်။

အဆိုပါ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းသည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ကာလများက အနယ်နယ်အရပ်ရပ်က   ခရီးသွားမိဘပြည်သူ ၃၀၀၀၀ ကျော်ကို နေ့စဉ် ချယ်ရီသင်္ဘော()စီးဖြင့် အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ပြေးဆွဲပို့ဆောင် ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ခရီးသည်သွားလာမှု နည်းပါးခြင်း၊ တစ်မြို့နယ်မှ တစ်မြို့နယ် သို့ ခရီးသွားလာခြင်း ကန့်သတ်ထားခြင်းနှင့်  ဝန်ထမ်းများကို နှစ်ပတ်ရုံးတက်၊ နှစ်ပတ် နေအိမ်မှာ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားခြင်းကြောင့် သင်္ဘောခရီးစဉ်များကို လျော့ချပြေးဆွဲပေးခဲ့ပြီး လက်ရှိအချိန်တွင် အစိုးရ ရုံးဖွင့်ရက်များ၌ အသွား ၁၆ ခေါက်၊ အပြန် ၁၆ ခေါက်ဖြင့် ပြေးဆွဲခြင်း၊  ရုံးပိတ်ရက်များတွင် အသွား ၁၂ ခေါက်၊ အပြန် ၁၂ ခေါက်ဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ နေ့စဉ် ခရီးသည် ၆၀၀ ကျော်ခန့်သာ ကူးသန်းသွားလာကြပြီး၊  ခရီးသည် သိသိသာသာလျော့နည်းသွားကြောင်း ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်း လက်မှတ်ရုံရှိ မန်နေဂျာ ဒေါ်တီတီမြင့် ထံ က သိရသည်။

ထို့အတူ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) အနေဖြင့် ရန်ကုန် ဝါးတန်း(ကီလီ) မှ ဒလ သွားသော ကားကူးဇက်ယာဉ်လမ်း၌  ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း တစ်ရက်လျှင် ကားကူးဇက် ခေါက်နှုန်းဖြင့် ကုန်စည် တန် ၁၂ တန်၊ ယာဉ်အစီးရေ ၈၀ ခန့် သွားလာလျက်ရှိကြောင်း၊ ယခင် ရောဂါမဖြစ်ပွားမီ ကာလက တစ်ရက်လျှင် ခရီးသည်၊ ကုန်စည် အပါအဝင် မော်တော်ယာဉ်အစီးရေ ၆၀၀ နီးပါးခန့် သွားလာမှုရှိခဲ့ကြောင်း၊ ယခုအခါ အစားအသောက်များ သယ်ယူပို့ဆောင်သည့် ဈေးကားများ၊ အိမ်စီးကားများနှင့် အရေးပေါ်ကားများသာ ကူးသန်းသွားလာလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလများက ရန်ကုန်(ပန်းဆိုးတန်း-ဒလ)သင်္ဘောဆိပ်ကမ်း၊ ဝါးတန်း(ကီလီ) မှ ဒလ ကားကူးဇက်ယာဉ်လမ်း၊ ဒလမြို့နယ်အဝေးပြေးကားဝင်းတို့တွင် အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘ ပြည်သူများစွာတို့ဖြင့် နေ့စဉ်စည်းကားများပြားလျက်ရှိသည်။  ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ နေ့စဉ်များပြားလာခြင်းကြောင့်    ခရီးသွားလာမှု တိတ်ဆိပ်ခြောက်ကပ်သွားခဲ့သည်။ ပြည်သူများ အနေဖြင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်သွားပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်တားဆီးနိုင်မည်ဖြစ်ပေသည်။

နိုင်လင်းကျော်(ဒလ)