မြစ်ကြီးနား ဧပြီ ၂၉
ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ထပ်မံကူးစက်လာမှုနှင့် စပ်လျဉ်း၍ ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေး ခရိုင်/ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ရောဂါပိုးတွေ့ရှိမှု နည်းပါးလာပြီး (၆.၁.၂၀၂၃)ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြည်လည်ဝင်ရောက်လာသူ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ယနေ့ အချိန်အထိ ရောဂါပိုးထပ်မံတွေ့ရှိမှုမရှိသေးပါကြောင်း၊ သို့သော်လည်း ယခုစစ်ဆေးတွေ့ရှိနေသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးသည် ကူးစက်မှုအားဖြင့် ယခင် ရောဂါပိုးများထက် ပိုမိုမြန်ဆန် သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှု ပိုမိုမြင့်မားခြင်းမရှိ ကြောင်း လေ့လာဆန်းစစ်ချက်များအရသိရှိရပါကြောင်း၊ မိမိတို့ ကော်မတီအဆင့်ဆင့် အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွား လာရေးကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကိုလည်း စနစ်တကျစီမံဆောင်ရွက်ထားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ်ကော်မတီဥက္ကဋ္ဌများက ကိုဗစ်-၁၉ ရောဂါကို ခရိုင် နှင့် မြို့နယ်များအလိုက် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး အသိပညာပေးဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းလိုအပ်ချက်များ၊ ကာကွယ်ဆေးထပ်ဆောင်းအပိုထိုးနှံခြင်းလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်သွားမည့် အစီအမံများကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များက လိုအပ် သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါသည် လူမှုစီးပွားကို ထိခိုက်စေနိုင်သည့်အတွက် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး အသိပညာပေးလုပ်ငန်းနှင့် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရေးနှင့် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်ကျောက်မျက်ရတနာလုပ် ငန်းရှင် များအသင်း(မြစ်ကြီးနား)နှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း(မြစ်ကြီးနား)၏ အလုပ်အမှုဆောင်အသစ်များ စနစ်တကျရွေးချယ်တင် မြှောက်နိုင်ခဲ့သည့်အတွက် လှိုက်လှဲဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ အသင်းအလုပ်အမှု ဆောင်အသစ်များအနေဖြင့် ပြည်နယ်၏ ကျောက်မျက်ရတနာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး မိမိတို့အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စတုတ္ထအကြိမ်ပြည်နယ်အတွင်း ကျောက်မျက်ရတနာပြပွဲကျင်းပနိုင်ရေးကို ကြိုးစားသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) ဥက္ကဋ္ဌသစ် ဦးကရိုင်အောင်လက ဧပြီ ၁ ရက်မှ စတင်၍ အသင်းအမှုဆောင်သစ်များနှင့် နာယကအဖွဲ့များ ရွေးချယ်တင်မြှောက်ပြီးစီးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အသင်းအမှုဆောင်များကအသင်းမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ပြည်နယ်အတွင်း ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ခဲ့မှု၊ ကျောက်မျက်ရတနာအချော ထည်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက အသင်းနာယကအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ဖြည့်စွက်သုံးသပ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းပိုင်ဧရိယာအတွင်းရှိ ဆိုင်ခန်းများ စနစ်တကျစည်ကားလာစေရေး၊ ကျောက်မျက်အချောထည် များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးနှင့် ပြည်နယ်အတွင်း စတုတ္ထအကြိမ်ကျောက်မျက် ရတနာပြပွဲကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို တာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်