လှည်းကူး အောက်တိုဘာ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည် စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ(၁) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်း လာရောက်ကြည့်ရှုမှုအခြေအနေအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ တာဝန်ရှိသူတို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်း များကို လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application တွင် ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်သည့်အပြင် Moblie Application တွင်လည်း မိမိအမည်ပါ၊ မပါ ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင် လွှာတင်သွင်းခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆို ခြင်း၊ မဲစာရင်းတွင် ပါဝင်ရန် မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းများကို လျှောက်ထားလာသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်စိစစ်၍ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်ထွေးက ပြောကြားခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်တာ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား ကြေညာခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ဒုတိယ အကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထား ကြေညာစဉ်အတွင်း ပုံစံ(၄-ဂ)၊ ပုံစံ(၃)၊ ပုံစံ(၄)တို့ကို လျှောက်ထားနိုင် ကြောင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများအနေဖြင့် ပုံစံ(၃-က)ဖြင့် အောက်တိုဘာလ(၁၀) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်အတွင်း မဲရုံပေါင်း(၁၃၀)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၂၁၄၁၇၈ ဦးရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)