မိတ္ထီလာ ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအတွက် အကျိူးခံစားခွင့်နှင့် အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း လုပ်အားဆုံးရှုံးမှု ၇၅ ရာခိုင်နှုန်း အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာများ ဖြစ်သည့် အာမခံအလုပ်သမားများအကြောင်း၊ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်၊ မကျန်းမာမှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်၊ ဖခင်ဘဝဖြစ်မှု ငွေကြေးအကျိုးခံစားခွင့်နှင့် ဖခင်ဘဝဖြစ်မှုစရိတ်၊ အငြိမ်းစားယူပြီးနောက် ဆေးကုသမှုဆက်လက်ခံယူခွင့်၊ အာမခံအလုပ်သမား သေဆုံးလျှင် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေကြေး အကျိုးခံစားခွင့် စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Max Energyစက်သုံးဆီ(၁)မှ ဦးရဲမင်း၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု ၇၅ ရာခိုင်နှုန်း အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၁၃၂၃၀၀၀၀ အား ပေးအပ်ခဲ့သည်။ ၎င်းနောက် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးကြည်နှင့် တာဝန်ရှိသူများက တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ ၊ AMDA Microfinance ၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း၊ အမှတ်(၈)အထည်ချုပ်(ပျော်ဘွယ်)နှင့် Petro Sevenတို့မှ အာမခံသူ အလုပ်သမာ(၇၄)ဦး၏ ဆေးဖိုးကုန်ကျငွေ ကျပ် ၂၆၁၈၃၆၆၂ တို့ကို ပေးအပ်ခဲ့ရာ Max Energyစက်သုံးဆီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးကြည်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်အိသဉ္ဇာမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)