မိုင်းယောင်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းကို ဗလမင်းထင်ကျောက်တိုင် လမ်းဆုံ၊ ဟိုခုံလမ်း ဆုံနှင့် မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တို့တွင် နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာ ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မုန်းလိုက်တံတားပေါ်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် မြို့နယ်အဝင် ခရီးသည်နှင့် ယာဉ်အဝင် အထွက်များ၊ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်း စည်း တပ်ဆင်မှုစစ်ဆေးခြင်း၊ ခရီးသွားလာမှုမှတ်တမ်းများ စစ်ဆေးခြင်းတို့ ဆောင်ရွက်ကြသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးတွင် အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ သတ်မှတ်နေရာများမှသာ ရောင်းဝယ်ခြင်းပြုရန်၊ ဈေးရောင်း၊ ဈေးဝယ် သူအားလုံး နှာခေါင်းစည်းတပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ကြပ်မတ်စစ်ဆေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ ထွေ/အုပ်နှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြခြင်းဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများနှင့် ကျန်းမာရေးအသိပေးညွှန်ကြားချက်များ စသည့် ကိုဗစ်-၁၉ ရောဂါ အသိပေးနှိုးဆော်ကြေညာခြင်းအတွက် ကျန်းမာရေးနှင့် ကြက်ခြေနီတို့က နေ့စဉ် နှစ်ကြိမ်နှုန်းဖြင့် မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း