ကျိုင်းတုံမြို့ အထင်ကရ နောင်တုံကန် သန့်ရှင်းသာယာလှပရေးအတွက် ကန်အတွင်းရှိ သဲ၊ နုန်းများ ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်

ကျိုင်းတုံ ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထင်ကရ နောင်တုံကန်တွင် သဲ၊ နုန်းများ နှစ်ပေခွဲခန့် မြင့်တက်နေသည့်အတွက် ရေကန်တိမ်ကောမှုမရှိစေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် စက်ယန္တာရားများဖြင့် သဲ၊ နုန်းများ ဆယ်ယူခြင်းလုပ်ငန်းကို မတ် ၂၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်ယန္တရားများ စနစ်တကျအသုံးပြု၍ နောင်တုံကန်အတွင်းရှိ သဲ၊ နုန်းများ ဆယ်ယူ၍ စနစ်တကျစွန့်ပစ်ဆောင်ရွက်လျက်ရှိပြီး နောင်တုံကန်၏ ပင်မရေထွက် နေရာနှင့် ရေအရင်းအမြစ်နေရာများ ပျောက်ကွယ်မှုမရှိစေရေးနှင့် ရေဝင်ရေထွက်စနစ်များ ကောင်းမွန်စေရေးလုပ်ငန်းများကို ဩဂုတ်လအတွင်းလ ပြီးစီးနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုပါ နောင်တုံကန်သည် ဒေသနေပြည်သူတို့၏ အလေးထားမြတ်နိုးရာ ရေကန်လည်း ဖြစ်ပြီး ကန်ဧရိယာ ၃၅ ဒဿမ ၇၆ ဧက ကျယ်ဝန်းပါသည်။  နောင်တုံကန်သည် ကျိုင်းတုံမြို့ အလယ်တွင် တည်ရှိပြီး မော်တော်ယာဉ်သွား ကန်ပတ်လမ်းနှင့် လမ်းလျှောက်ရန် ကန်ပတ် လမ်းဟု လမ်းနှစ်ခု ပြုလုပ်ထားကာ ထိုကန်ပတ်လမ်းနှစ်ခုကြားတွင် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားသည်။ နောင်တုံကန်ပတ်လည်တွင် အားကစားလေ့ကျင့်သည့် ပစ္စည်းများ၊ နားနေရန် ထိုင်ခုံများ၊  ထားရှိပေပြီး ကန်ပတ်လမ်းတစ်ဖက်တွင် ဒေသအစားအစာ ရောင်းချ သည့်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ညနေပိုင်းတွင် အပန်းဖြေသူများ၊ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြသူများဖြင့် စည်ကားသည့် နေရာတစ်ခုဖြစ်သည်။ ထို့အပြင် နောင်တုံကန် ပတ်လမ်းတစ်လျှောက် မနက်ပိုင်းနှင့် ညနေပိုင်းများတွင် နေ့စဉ်ကျန်းမာရေးအဖြစ် လမ်းလျှောက်သူများ၊ ကိုကာယလေ့ကျင်းခန်းပြုလုပ်ကြသူများ၊ ပြည်တွင်းပြည်ပဧည့်သည်များ၊ ဒေသခံပြည်သူများ လာရောက်လည်ပတ်ကြပြီး ကန်ပတ်လည်မှ  စွမ်တောင်း(စွမ်ခမ်း)စေတီနှင့် ရပ်တော်မူဘုရားတို့ကို ဖူးမြော်နိုင်ကာ မြို့အထင်ကရနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)