၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း (Grade-10) လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းသို့ ရောက်ရှိ

နေပြည်တော် ဧပြီ ၂၈

ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသား လူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  အဋ္ဌမတန်း လူရည်ချွန်(၁၆၀)ဦး၊ ဒသမတန်းလူရည်ချွန် (၁၆၀)ဦး၊ ဧကာဒသမတန်း လူရည်ချွန် (၁၅၈)ဦး၊  စုစုပေါင်း (၄၇၈)ဦးကို မွေးထုတ်နိုင်ခဲ့သည်။

အဆိုပါ လူရည်ချွန်မောင်မယ်များသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ်စခန်းမှ သက်ဆိုင်ရာ လူရည်ချွန်အပန်းဖြေစခန်းမှူးများ၊ ကြီးကြပ်ဆရာ၊ ဆရာမများ လိုက်ပါလျက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်လူရည်ချွန် စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ် စတင်ထွက်ခွာလျက်ရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်၍ စတင်ထွက်ခွာလာရာ နံနက် ၁၀ နာရီတွင် ကလောမြို့သို့ ရောက်ရှိကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် အလံငယ် များ ဝှေ့ယမ်းနှုတ်ဆက်၍လည်းကောင်း၊ ဘင်ခရာ၊ ပန်းပွားအကများနှင့် ရှမ်းအိုးစည် ဗုံမောင်း တီးမှုတ်၍လည်းကောင်း ကြိုဆိုကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များသည် ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး နေ့လယ်စာ သုံးဆောင်ကြသည်။

ယင်းနောက် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းသို့ ထွက်ခွာလာရာ ပြည်ထောင်စု လမ်းမဘေးရှိ အောင်ပန်းဗျူးပွိုင့်တွင် ခေတ္တရပ်နား၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြ သည်။

ထို့နောက် ဆက်လက်ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီတွင် လူရည်ချွန်စခန်းဖွင့်လှစ်ထားသည့် တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)