နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အကူအညီလိုအပ်သူအိမ်ထောင်စုများအား ကူညီထောက်ပံ့

နမ့်ဆန် ဧပြီ ၂၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု ငွန်ဆိုင်းကျေးရွာတွင် ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံး မီးသင့်ပြီး အိမ်ထောင်စု(၅)စု မီးဘေးသင့်ခဲ့သော မိသားစုများကို နမ့်ဆန် မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မူဆယ်မြို့နယ် လက်ဖက်ညွန့်လူမှုကူညီရေးအသင်း စေတနာရှင်အများပြည်သူများက ယနေ့နံနက် (၉) နာရီတွင် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အကူအညီလိုအပ်သော အိမ်ထောင်စု(၅)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီမှပေးပို့လာသော မိသားစုသုံး အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ မီးဖိုဆောင်သုံး ပစ္စည်းများနှင့်ရေပုံးများကို မြို့နယ်အသင်းခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်များကပေးအပ်ပြီး ဥက္ကဋ္ဌဦးကျားတီက မီးဘေးသင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မူဆယ်မြို့နယ် လက်ဖက်ညွန့်လူမှုကူညီရေးအသင်းအဖွဲ့ဝင် ဦးလှိုင်အေးက မူဆယ်မြို့နယ် ပြည်သူများမှ ထောက်ပံ့သော အဝတ်အထည်အရွယ်စုံ(၁၂)အိတ်၊ စောင်(၂) အိတ်၊ ဇလုံ အကြီး/အသေး(၂)အိတ်၊ မိသားစုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးကာ ယနေ့အထိ ရရှိသော အလှူရှင်အသီးသီးကထောက်ပံ့သောအလှူငွေမှာ ကျပ်တစ်ရာ့နှစ်ဆယ်ခန့်နှင့် ဆန်(၅၀)အိတ် ရရှိထားကြောင်း မီးဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူးဒေါ်ညိုညိုသိန်းထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)