ဒဂုံဆိပ်ကမ်း ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုစက်မှုဇုန်ရှိ ARAO Company Limited ၏ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဥ်အား ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သာကေတမြို့နယ် ဧရာဝဏ်လမ်းမပေါ်ရှိ ပုလဲကြွယ်စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ARAO Company Limited၏ စီမံကိန်းတာဝန်ခံ ဦးနေလင်းဦးက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလျော့ကျဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အီးဂတ်ပတ်ဝန်းကျင်ဝန်ဆောင်မှု ကုမ္ပဏီလီမီတက်၏ ဒါရိုက်တာဦးတင်အောင်မိုးက ပတ်ဝန်းကျင်ဆိုင်ရာရေထု၊ လေထုနှင့်ဆူညံသံတို့၏ ဆိုးကျိုးများ လေ့လာတွေ့ရှိမှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီရင်ခံစာပါအကြောင်းအရာများ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု၏ရည်ရွယ်ချက်များ၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ၊ လက်ရှိစက်ရုံတွင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ကြပြီး ARAO Company Limited ၏ စီမံကိန်းတာဝန်ခံ ဦးနေလင်းဦးက နိဂုံးချုပ် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ