ကြည့်မြင်တိုင် အောက်တိုဘာ ၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာခဲ့ပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက် မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း များကို သက်ဆိုင်ရာတာဝန် ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်း များ လာရောက်ကြည့်ရှုရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ လာရောက်ကြည့်ရှုကြရန် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (၂၂)ရပ်ကွက်ရှိပြီး မဲရုံ(၇၁)ရုံ ထားရှိကာ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းမှာ (၈၅၃၂၃) ဦးရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)