ကျိုက်မရော အောက်တိုဘာ ၅
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျိုက်မရောမြို့နယ် အတွင်းရှိ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် သွားရောက်၍ဂါရဝပြု ကန်တော့ လက်ဆောင်များ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်၁နာရီက ကျိုက်မရောမြို့မှမူလတန်းပြဆရာ၊ ဆရာမများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အငြိမ်းစား ကျောင်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ရာတွင် ကိုဗစ်- ၁၉ ရောဂါ ကာလအတွင်း ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူ ဝေးမဖြစ်စေရန်အတွက် စနစ်တကျ လိုက်လံ ပူဇော် ကန်တော့ခဲ့ရခြင်းဖြစ်ကြောင်း အ.လ.က မူလွန်ကျောင်းအုပ် ဆရာမကြီးဒေါ်ချိုချိုလွင် ထံမှသိရသည်။ ယခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်တွင် မူလတန်းအငြိမ်းစား ဆရာဆရာမကြီး နှင့် အငြိမ်းစားပညာရေးမှူးများ အား အခြေခံ စားသောက်ကုန်များနှင့် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀-/)စီ ဖြင့် ဆရာကြီး၊ ဆရာမကြီး(၉၈)ဦး တို့အား အိမ်တိုင်ရာရောက်သွား ရောက်၍ပူဇော် ကန်တော့ခဲ့ကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)