မိုင်းပန်မြို့နယ်၌ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူ (၈၉)ဦးအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

မိုင်းပန် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ နယ်တွင် ယမန်နေ့ နံနက် (၇)နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများအား တာဝန်ရှိသူများမှ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများမှ ယခင်က ထောက်ပံ့ပေးအပ်ခဲ့သည့် မသန်စွမ်းသူစာရင်းမှ မပါဝင်၍ ထပ်တိုးစာရင်းအရ မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၉)အုပ်စုအတွင်းရှိ မသန်စွမ်းသူ (၈၉)ဦးတို့အား နိုင်ငံတော်မှထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀) နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ် (၂၆၇၀၀၀၀)အား နိုင်ငံတော်၏ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ဖြစ်သည့် အရှေ့ရပ်ကွက်၊ အလယ်ရပ်ကွက်၊ အနောက်ရပ်ကွက်များမှ မသန်စွမ်းသူ (၃၄)ဦး၊ ကျေးရွာအုပ်စုများဖြစ်သော အရှေ့၊ ကုန်းကျိုင်း၊ ဝိုးလိုင်း၊ နောင်ဟီး၊ နောင်ယင်း၊ နောင်လွန်း၊ နားမွန်၊ နမ့်တိန်း၊ နားလော၊ ဆားဝါး တို့မှ (၅၅)ဦး တို့ဖြစ်ပြီး စာရင်းများအရ ကိုယ်အင်္ဂါမသန်စွမ်း (၃၉)ဦး၊ ဉာဏ်ရည် မသန်စွမ်း(၁၀)ဦး၊ ဆွံ့အ(၁၇)ဦး၊ နားမကြား(၁၄)ဦး၊ မျက်မမြင်(၅)ဦး၊ ပိုလီယို(၃)ဦး၊ ခြေထောက်မသန်စွမ်း(၁)ဦး စုစုပေါင်း(၈၉)ဦးတို့ဖြစ်ကြောင်း သိရသည်။

ဆန်းမြင့် (ပြန်/ဆက်)