မူဆယ် ဧပြီ ၂၈
နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်အတွင်း ကလေးသူငယ်များနှင့်ကျောင်းသား/သူများကို စကားပြောဆိုရာတွင် လိမ္မာယဉ်ကျေးစွာ ပြုမူပြောဆိုတတ်စေရန်၊ ကိုယ့်ထက်အသက်အရွယ်အားဖြင့် ကြီးရင့်သူတို့ကို ယဉ်ကျေး ချိုသာစွာ ပြောဆိုဆက်ဆံတက်စေရန်နှင့် ဗုဒ္ဓ၏အဆုံးအမများ၊အဆိုအမိန့်တို့ကို သိရှိနားလည်စေရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့ရှိ အမှတ်(၂)အခြေခံပညာအထက်ကျောင်းတွင် ယမန်နေ့ နံနက်(၉း၀၀) အချိန်က ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို မူဆယ်မြို့နယ်၊နမ့်ခွန်ဘုန်းတော်ကြီးကျောင်းမှ ဓမ္မစရိယဘွဲ့ရဆရာတော်ကြီး ဦးဝါယမက သင်ကြားပေးခဲ့ပြီး လိမ္မာယဉ်ကျေးစွာ ပြုမူပြောဆိုဆက်ဆံပုံများ၊ ဩကာသကန့်တော့ချိုးနှင့်တကွ သီလခံယူဆောက်တည်ပုံ၊ ဘုရားရှိခိုးကန့်တော့ဦးချပုံ၊ သရဏဂုံနှင့် တကွ သီလတောင်းခံပုံ၊ ငါးပါးသီလခံယူဆောက်တည်ပုံ၊ ရှစ်ပါးသီလတောင်းခံပုံ၊ သရဏဂုံနှင့် ရှစ်ပါးသီလ ခံယူဆောက်တည်ပုံတို့ကို ဦးစွာသင်ကြားပေးခဲ့ပါသည်။ထို့အပြင် နေ့လည်ပိုင်းတွင် တက်ရောက်သင်ကြားလာသော ကလေးသူငယ်များနှင့် ကျောင်းသား/သူများကို မြတ်စွာဘုရားရှင်၏ ဘဝဖြစ်စဉ်များ၊ဇာတ်နိပါတ်တော်များကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီလ(၂၇)ရက်နေ့မှစ၍ မေလ(၄)ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် (၉း၀၀)နာရီမှ (၁၀:၃၀)အထိ၊နေ့လည်ပိုင်းတွင် (၁၂း၃၀)နာရီမှ (၂း၃၀) အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။ ယင်းသင်တန်းကို Grade 5 မှ Grade 9 ကျောင်းသား/သူ (၃၂)ဦး လာရောက် သင်ကြားလျက်ရှိကြောင်း သိရပါသည်။
ဆက်ပိုင်(ပြန်/ဆက်)