ပုံပါကျင် အောက်တိုဘာ ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပေးအပ်လာသော Hand Held Mega Phone များ အသုံးပြု၍ ပုံပါကျင်မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်အတွင်း စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာများအား ယမန်နေ့နံနက်ပိုင်းက နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ အသိပညာပေး ညွှန်ကြားချက်တွေကို ရပ်ကွက်အတွင်း လူအများ သွားလာတဲ့ နေရာတွေ၊ ဈေးတွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်တွေမှာလည်း အပတ်စဉ် ထုတ်ပြန်ချက်အသစ်တွေထွက်တိုင်း အသိပေးပါတယ်၊ အခုလို အသံချဲ့စက်နဲ့ ရပ်ကွက်ထဲလိုက်ပြီး နှိုးဆော်တော့ ပိုထိရောက်တာပေါ့” ဟု အမှတ်(၂)ရပ်ကွက်စာရေးမှ ပြောကြားခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများထံသို့ ပန်ကြားချက်များ ၊ မြို့နယ်အတွင်းထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား မြို့အတွင်းရှိ ရပ်ကွက်(၅) ရပ်ကွက်မှ ပြည်သူများ ပိုမိုသိရှိနိုင်စေရန် နှိုးဆော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)