မလှိုင်မြို့နယ်တွင် သိုး/ဆိတ်ဈေးများ ကျနေသဖြင့် မွေးမြူသူများတွက်ခြေမကိုက် လုပ်ကိုင်နေကြရ

 မလှိုင်၊ အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများသည်စိုက်ပျိုးရေးလုပ်ငန်းများနှင့် တွဲဖက်၍ တစ်ပိုင်တစ်နိုင် သိုးနှင့်ဆိတ် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလဖြစ်၍ သိုး/ဆိတ် ဈေးများကျဆင်းနေပြီးမွေးမြူသူများ တွက်ခြေမကိုက်ပဲ လုပ်ကိုင်နေကြရကြောင်းသိရသည် ။

 ‘‘ ကျနော်တို့ဒေသက မိုးနည်းပါတယ် ၊ ဒါကြောင့် စိုက်ပျိုးရေးနှင့် တွဲဖက်ပြီး သိုး/ဆိတ် မွေးမြူရေးလုပ် ကိုင်တဲ့သူများပါတယ် ၊ ယခင်တုန်းက ဈေးကောင်းတော့ မွေးရတာအဆင်ပြေပါတယ် ၊ အခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာဆိတ်က တစ်ပိသာကို (၅ဝဝဝ/၅၅ဝဝ)နှုန်း၊ သိုးက တစ်ပိသာကို (၄ဝဝဝ/၄၅ဝဝ)ကျပ်နှုန်း ရောင်းရတာဆိုတော့  အချိန်(၁၅/၂ဝ )ပိသာရှိတဲ့အရွယ် ရောက်နေတဲ့ဆိတ် တစ်ကောင်မှကိုးသောင်းကျော် လောက်ရတယ်ဆိုတော့ မကိုက်တော့ဘူး ယခင်ကဆို တစ်ပိသာကို (၁ဝဝဝဝ)ကျော်ရောင်းရတာပါ   ’’ ဟု နတ်စင် ကုန်းကျေးရွာမှ ဦးမောင်စိန်က ပြောပြခဲ့သည် ။

သိုးနှင့်ဆိတ်ကို အသားတိုးဖြစ် မွေးမြူလုပ်ကိုင်ကြပြီး ဆိတ်သည် တစ်နှစ်လျှင် နှစ်သားကျကြောင်း၊ သိုး မှာ နှစ်နှစ်လျှင်သုံးသားကျကြောင်း သိရသည်။ ဆိတ်ဈေးမှာ သိုးဈေးထက် ပိုရရှိသော်လည်း သိုးသည် ရာသီဥတုဒဏ်ကို ဆိတ်ထက် ခံနိုင်ရည် ပိုရှိပြီး အသေအပျောက်နည်းသဖြင့် သိုးဖြင့် တွဲဖက်မွေးမြူကြ ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)