ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် မိုးစပါး ၂၉၃ ဧကစိုက်ပျိုးပြီးစီး

ညောင်ဦး  အောက်တိုဘာ  ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်မှပေးလွှတ်သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါး ၂၉၃ဧက စိုက်ပျိုးပြီးစီးအောင်မြင် ဖြစ်ထွန်းနေပြီ ဖြစ်ကြောင်း သူကောင်းတည်လျှပ်စစ်မြစ်ရေတင် တာဝန်ခံ ဦးလှပြုံး(ဦးစီးအရာရှိ) ကပြော ကြားသည်။

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဩဂုတ်လတွင် စတင်ပျိုးထောင်ခဲ့ကြောင်း၊ ပျိုးထောင်ပြီး ၂၁ရက်သားပျိုးပင်များအား လယ်ကွင်းအတွင်းပြောင်းရွေ့ စိုက်ပျိုးကြကြောင်းသိရသည်။ သူကောင်းတည်မြစ်ရေတင်ဖြင့် ဆင်းသုခ၊ မနောသုခစပါးမျိုးတို့တောင်သူများ စိုက်ပျိုးကြကြောင်း၊ သူကောင်းတည် မြစ်ရေတင်ဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းစနစ်လည်း စိုက်ပျိုးကြကြောင်း၊ တိုက်ရိုက်စပါးအစေ့ချစိုက်ပျိုးခြင်းသည် ပျိုးထောင်စိုက်ပျိုးခြင်း ထက် အထွက်နှုန်းလျော့သော်လည်း စရိတ်စက၊ လူပင်ပန်းမှုအလွန်သက်သာကြောင်း မြစ်ရေဖြင့်စိုက်ပျိုးရခြင်းကြောင့် စပါးခင်းများကောင်းမွန်ကြကာ မရမှာလည်းမစိုးရိမ်ရကြောင်း အောက်ညဉ့်ကျေးရွာ စပါးစိုက်တောင်သူ ဦးသိန်းစိုးကရှင်းပြသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်း စရိတ်၆၀၀၀ကျပ်ပေးသွင်းရပြီး၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ကျပ်ပေး ရကြောင်း ၊အခြားသီးနှံအတွက် ၃၀၀၀ကျပ်ပေးသွင်းရကြောင်းသိရသည်။ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင်တစ် နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀လက် မအောက်သာရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင် ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်းတန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြသည်။ မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက် ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးလာကြကြောင်း မိုးစပါး စိုက်တောင်သူ ဦးသိန်းစိုးကပြောသည်။

သူကောင်းတည်မြစ်ရေတင်ရေသည် သောက်သုံးရေအတွက်လည်း ကျေးရွာငါးရွာ အားရေလွှတ်ပေးထားကြောင်း၊ ညောင်ဦးမြို့နယ်တွင် လက်ပံခြေပေါ်မြစ်ရေတင်၊ ငါ့သ ရောက်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ကျောက်ကူးမြစ်ရေတင်၊လောကနန္ဒာမြစ် ရေတင်လျှပ်စစ်မြစ်ရေတင်ငါးခုရှိကြောင်း ၊သူကောင်း တည်မြစ်ရေတင် တာဝန်ခံ ဦးလှပြုံး(ဦးစီးအရာရှိ)ကရှင်းပြ၍သိရသည်။

ကိုထိန်၊  KPD