တောင်တွင်းကြီး ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများသည် မြေအောက်ရေအသုံးပြု၍ သစ်ပင်၊ ပန်းမာန်များ စိုက်ပျိုးလျက်ရှိရာ ယခုကာလတွင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးထားသည့် ဇွန်စံပယ်ပန်းများ လှိုင်လှိုင်ထွက်ရှိနေကြောင်း သိရသည်။
ဇွန်စံပါယ်ပန်းသည် ရေကြိုက်သည့်သဘာဝရှိသည့် အတွက် မိုးတွင်းကာလတွင်သာ အပွင့် လှိုင်လှိုင်ပွင့်သော်လည်း ယခုနွေရာသီတွင် မြေအောက်ရေစုတ်တင်၍ တစ်ရက်ခြား ရေသွင်းပေး နေသည့်အတွက် အဖူးများဝေဝေဆာဆာထွက်ကာ အပွင့်များလှိုင်လှိုင်ပွင့်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် ဇွန်စံပါယ်ပန်းပင်(၂၀)ပင်ခန့်စိုက်ပျိုးထားပြီး ရေလောင်းပေါင်းသင်၍ လိုအပ်သလို ပြုပြင်ပေးသည့်အတွက် ယခုလိုပူပြင်းသည့်နွေကာလတွင် ပွင့်ဖူးခြင်းဖြစ်ကြောင်း၊ ည(၉)နာရီဝန်းကျင်တွင် စတင်ခူးဆွတ်ပြီး မိုးမလင်းမီဖောက်သည်ထံသို့ အချိန်မီပေးသွင်းနိုင်ရေး ညတွင်းချင်း ပန်းကုံးရကြောင်း၊ ဇွန်စံပါယ်ပန်း(၁၀)ပွင့်ပါပန်းကုံး(၁၀)ကုံးကို နှစ်သစ်ကူးသင်္ကြန် ကာလမတိုင်မီက (၈၀၀)ကျပ်ဖြင့် ဖောက်သည်ပေးသွင်းခဲ့ရပြီး ယခုလက်ရှိကာလမှာတော့ ပန်းပေါ်သူများပြားလာသည့်အတွက် (၁၀)ကုံးကို (၅၀၀)ကျပ်ဖြင့်သာ ပေးသွင်းရကြောင်းနှင့် နေ့စဉ် အကုံး(၁၀၀)ဝန်းကျင် ဖောက်သည်ပေးသွင်းနေရပြီး မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိနေကြောင်း ဇွန်စံပယ်ပန်းစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
အေးမိုးမိုးမြင့်