သီပေါ ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့် မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ အကြိမ်(၅၀)ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
(၅၁)ကြိမ်မြောက်အဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် စေတနာရှင်အလှူရှင်များက မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့က အလှူရှင်(၁၁)ဦးတို့၏ လှူဒါန်းငွေမှာ (၁၉.၄)သိန်းရှိကြောင်း၊ နေ့စဉ်အလှူရှင်များမှ လာရောက် လှူဒါန်းလျက်ရှိကြောင်း မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုအား (၅၁)ကြိမ်မြောက်အဖြစ် မေလ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက် စမ်းသပ်ကုသနိုင်ကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)