မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဧပြီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် Clean & Green လုပ်ငန်းဆောင်ရွက်ရန် လျာထားသည့် နောင်ခမ်းကန်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်မင်းဆွေ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုး၊ မြို့မိမြို့ဖများ၊ တိုင်းလိစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နောင်ခမ်းကန်သည် မြို့တည်ခဲ့စဉ်က မြို့နှင့်အတူပါရှိခဲ့ပြီး မိုင်းယောင်းမြို့၏ ရှေးဟောင်းသမိုင်းဝင် အထင်ကရ‌နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း