ဗဟန်း ဧပြီ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ပူးပေါင်းပြီး စာရေးဆရာမောင်ခြိမ့်ရေးသားသော “ရေမုဆိုးဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၉)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် Book Club အသင်းမှ နယကစာရေးဆရာရန်ကင်းကိုကိုလေးနှင့် Book Club အသင်းမှ ဥက္ကဋ္ဌစာရေးဆရာဟိန်းဇေတို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့မှ စာရေးဆရာမောင်ခြိမ့်က ၎င်းရေးသားသည့် "ရေမုဆိုးဝတ္ထုတိုများ"စာအုပ်တွင် ပါဝင်သော ရေလုပ်သားတံငါတို့၏ဘဝအကြောင်း၊ ဓလေ့စရိုက်အကြောင်းနှင့် မြစ်ချောင်းအင်းအိုင်တို့တွင်လှည့်လည်ကာ ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို သက်စွန့်ဆံဖျားရှာဖွေဖမ်းဆီး၍ အသက်မွေးကြရသူများကို ရေမုဆိုးဟုခေါ်ဆိုရသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ရေလုပ်သားတံငါတို့၏ဘဝ၊ ရေမုဆိုးတို့၏ဘဝအထွေထွေ အဖြစ်အပျက်များနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များတက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး