ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက  ဒုတိယအကြိမ် မဲစာရင်း ကြေညာထားရှိမှုများအား နယ်မြေခွဲအလိုက် ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

ကျောက်ပန်းတောင်း အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒုတိယအကြိမ်အဖြစ် နောက်ဆုံး ထုတ်ပြန်ကြေညာရမည့် မဲဆန္ဒရှင်စာရင်းများကို၊  ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ထုတ်ပေးပြီး၊ ထုတ်ပြန် ကြေညာသည့် အခြေအနေများကို နယ်မြေခွဲအလိုက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ၊ အောက်တိုဘာ(၄) ရက်နေ့ က လက်ပံပျား နယ်မြေခွဲသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဌေးအောင်၊ ဦးကျော်လင်းဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့  အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မြင့်ကေခိုင်တို့သည်၊ လက်ပံပျားနယ်မြေခွဲ တောင်ဦးကျေးရွာသို့ နံနက်(၁၀:၃၀)နာရီတွင် ရောက်ရှိခဲ့ကြပြီး၊ တောင်ဦး၊ ကြက်ဆူတော၊ ကြက်ပြစ်၊ စင်မြင့်၊ အုံးမှုန့်ရိုး၊ သပြေကိုင်း၊ သစ်တိန်း၊ ရေငံ၊ ဗြိစင်အင်း၊သန်းကြီးကုန်း အစရှိသည့် ကျေးရွာများမှ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တွေ့ဆုံကြပြီး၊ ကော်မရှင်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝင်များသည် လက်ပံပျားကျေးရွာအုပ်စု၊ ခပေါင်းကုန်းကျေးရွာ အုပ်စုများသို့ ဆက်လက် သွားရောက်ခဲ့ကြပြီး၊ ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ကြပြီး၊ ကျေးရွာအဖွဲ့ခွဲ ကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားမှု အခြေအနေ များကို စစ်ဆေး ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)