မြောက်ဦး ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီ အချိန်က ထမ္မရာဇ် ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန် မျိုးကွဲသစ် (XBB.1.16) သည် အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပျံ့လျှက်ရှိရာ လာမည့်သီတင်းပတ်တွင် ကူးစက်မှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း ၊ သတိပေးထားရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ချနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား တတိယအကြိမ် ထိုးနှံပြီးသူများအား စတုတ္ထအကြိမ် အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာ သူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေရန် သက်ဆိုင်ရာ ဌာနများမှ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)