စဉ့်ကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

စဉ့်ကိုင် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ    စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊        ဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့်    စာအုပ်ပြပွဲကျင်းပရခြင်း၏  ရည်ရွယ်ချက်ကို    ရှင်းလင်းပြောကြားပြီး  လူငယ်နဲ့ရည်မှန်းချက်ခေါင်းစဉ်ဖြင့်   လူငယ်ဘဝပညာသင်စအရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နှင့် ကိုက်ညီသော ရည်မှန်းချက်ထားရှိရန်၊ ထိုရည်မှန်းချက်ကိုလည်း ရရှိပိုင်ဆိုင်နိုင်ရေး ကြိုးစားကြရန်ဟောပြောခဲ့ပြီး ဦးသန်းဝင်း (ပညာရေးငြိမ်း) Book Club (ဒု-ဥက္ကဋ္ဌ)က စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြရန်၊ လူငယ်နှင့်ရည်မှန်းချက်၊  ခေါင်းစဉ်ဖြင့် လူငယ်များနေဖြင့် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် အပျော်နောက်ချည်းမလိုက်ရန်၊ လူငယ်ဘဝ၏တန်ဖိုးရှိသည့်အချိန်ကို  အလဟသမဖြစ်စေဘဲ ကြိုးစားကြရန်နှင့်  ကျောင်းစာအပြင်  ပြင်ပဗဟုသုတ ရရှိစေသည့်စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်၊   စာစောင်များ၊  မူးယစ်ဆေးဝါးအမျိုးအစားများ၊ သုံးစွဲခြင်းဖြင့်ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲရခြင်းအကြောင်းအရင်းများ၊ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သများပပျောက်ရေး   အသိပညာပေးအကြောင်းအရာများ ပါဝင်သည့်နံရံကပ်စာစောင်များအား  တက်ရောက်လာသော လူငယ်၊လူရွယ်များက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)