တောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းပြုလုပ်

တောင်သာ ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနက   ယခု  ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာလူထုအခြေပြုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော  အလုပ်အကိုင်အခွင့်အလမ်းနှင့်  မိသားဝင်ငွေတိုးပွားလာစေရေးအတွက်  မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာတစ်ရွာနှင့်   ကျေးရွာ၏ ပကတိဖွံ့ဖြိုးရေးလိုအပ်ချက်ကို    ကျေးရွာလူထုကိုယ်တိုင်ဖော်ထုတ်၍   ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်ခွင့်ရမည့်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအတွက်  ကျေးရွာ(၁၀)ရွာ ရွေးချယ်ခြင်းအခမ်းအနားကို  ယမန်နေ့က   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်းများ၏ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များအကြောင်း၊ စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် လိုက်နာရမည့် မူဝါဒများအကြောင်းဆွေးနွေးကာ တက်ရောက်လာသော မြို့နယ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ (TPIC) အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများက မူဝါနှင့်ကိုက်ညီသော ကျေးရွာများကို ဝိုင်းဝန်းရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။               

အဆိုပါ အစည်းအဝေး၌  မြစိမ်းရောင်ကျေးရွာစီမံကိန်း   အကောင်အထည်ဖော်ရန်   အုတ်ဖိုအုပ်စု၊ ထန်းတောကျေးရွာကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  စီမံကိန်း(VDP) အကောင်အထည်ဖော်ရန် ရွာသာလေး၊ ကျောက်ရင်း၊ အုတ်ဖို၊ ရွှေပြည်တော်၊ အလယ်ချိင့်(မ)၊ ရေခါး၊ ဆီးမီးကန်တောင်ကုန်း၊   ကျောက္ကာတောင်ကုန်း၊  ကြည်အိုင်ကန်တောတိုက်၊ ကျောက်ဆောက်ကျေးရွာစသည့် ကျေးရွာ(၁၀)ရွာတို့ကို အတည်ပြုရွေးချယ်ပေးခဲ့ကြကြောင်းသိရပြီး တောင်သာမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာပေါင်း (၅၅)ရွာ၊ ၂၀၁၇-၂၀၁၈    ဘဏ္ဍာရေးနှစ်မှ စတင်၍   ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာပေါင်း (၆၃)ရွာထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)