ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာဟောပြော ဆွေးနွေးပွဲများကျင်းပ

ပြင်ဦးလွင် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန်မြှင့်တင်စေရေးနှင့် လိမ္မာယဉ်ကျေးစေရေး လူငယ်ရေးရာဟောပြော ဆွေးနွေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာ ဟောပြောပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သက်နိုင်(ပြင်ဦးလွင်)က လူငယ်များတွေးခေါ်မျှော်မြင်မှုရှိစေရေးနှင့် မှန်ကန်သော အတွေးအခေါ်များဖြင့် ဘဝရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ ထမြောက်အောင်မြင်အောင် ဆောင်ရွက်သင့်ပုံများအားလည်းကောင်း၊  စာရေးဆရာမ ကေကေ (လမင်းတစ်ရာ) က ဘဝအတွက် ခွန်အားဖြစ်စေသော စာပေများ၊ ကဗျာများနှင့် လူငယ်တို့လိုက်နာနေထိုင်သင့်သည့် လူမှုပတ်ဝန်းကျင် ပြုမူနေထိုင်မှုဆိုင်ရာများအား အသီးသီး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) မှ ကျောင်းသား/ကျောင်းသူ (၃၃) ဦးပါဝင်တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် လူငယ်များက သိရှိလိုသည်များကို မေးမြန်းရာဟောပြောဆွေးနွေးသူ စာရေးဆရာ၊ ဆရာမများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယခုကဲ့သို့ လူငယ်ရေးရာဟောပြောပွဲများ စဉ်ဆက်မပြတ်ကျင်းပ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အထွေထွေဗဟုသုတများ တိုးပွားလာစေမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင် ပြန်/ဆက်)