ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး၊  ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ

စစ်တွေ   ဧပြီ   ၂၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခြံဝန်းရှိ မောရစ်ကောလိစ် နေထိုင်ခဲ့သည့် နေအိမ်နှင့် စေတီယျရပ်ကွက်ရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဖြူမြို့တစ်ပတ် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံသို့ ရောက်ရှိပြီး တာဝန်ရှိသူများက စက်ရုံစတင်တည်ဆောက်ခဲ့စဉ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ပြည်ပနိုင်ငံများသို့ ဓာတ်ငွေ့တင်ပို့နေမှု အခြေအနေများ၊ ဒေသခံဝန်ထမ်းခန့်ထားမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား  ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သိလိုသည်များက မေးမြန်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးစေလိုကြောင်း၊ အောက်ခြေဝန်ထမ်းနှင့် စီမံခန့်ခွဲမှုပေးနိုင်သော ဝန်ထမ်းများကိုလည်း ဦးစားပေးခန့်ထားပေးစေလိုကြောင်း၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)မှ ဘွဲ့ရ ကျောင်းသား ကျောင်းသူများကိုလည်း ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် ခန့်ထားပေးစေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်ပြီး နှစ်နိုင်ငံ အကျိုးရှိစေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုကို တွေ့ရှိရဖြင့် အထူးဝမ်းမြောက်မိပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးပြီး ဒေသအကျိုး ဆောင်ရွက်နေမှုအား အထူးပင်အားရကျေနပ်မိပါကြောင်းပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် ပြိန်ကျေးရွာ မဒေးကျွန်းရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ အစိုးရဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအသီးသီး၏ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ စားရေးရိက္ခာဖူလုံရေးအတွက် အဓိကထားဆောင်ရွက်နေကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား လုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ကထက်ပိုမိုပြီး ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်းများဖြစ်သည့်နှင့်အညီ နိုင်ငံတော်မှချမှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို အလေးထားလိုက်နာကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းပါဝင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို ယခင်ကထက် ပိုမိုဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အတူ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်လည်း ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက ပူးပေါင်းပါဝင်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ခရိုင်(ပြန်/ဆက်)