ကျောက်တော် ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သေလာဂီရိမောရပဗ္ဗ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇေနိယပွဲတော် ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ချမ်းမြေ့နဒီပန်းခြံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စွာညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင် ပြိုင်လောင်းအသင်းများအနေဖြင့် တရားသောယှဉ်ပြိုင်မှု၊ အနိုင်ရလိုမှု၊ ဇွဲလုံလရှိမှုစသည်တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် သေလာဂီရိမောရပဗ္ဗ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇေနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲ ကျင်းပရေးကော်မတီဉက္ကဋ္ဌ ဦးမောင်ဝင်းက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်လောင်းပြိုင်ပွဲ ကျင်းပအလံအား ပွဲတော်ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူးမှ ပြိုင်လောင်းပွဲ ကျင်းရေးကော်မတီဉက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် သေလာဂီရိမောရပဗ္ဗ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇေနိယပွဲတော် ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပထမပွဲစဉ်အဖြစ် ဆူးရာဇ်ချောင်းပြိုင်လောင်းအသင်းနှင့် မြင်းဂတ်ပြိုင်လောင်းအသင်းတို့ ယှဉ်ပြိုင်ကြရာ ဆူးရာဇ်ချောင်းအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း