မန္တလေး ဧပြီ ၂၆
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ဆရာမခင်စောတင့်၏ ဘဝအသစ်ရဲ့အစများ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် (Book Club) အသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက အမြင်ချင်းတော့မတူပါလေ၊ စိတ်ဓါတ်ကြံ့ခိုင်တဲ့ သားသမီးတွေဖြစ်စေဖို့၊ အလေးအနက်ဆင်ခြင်မှုမှတစ်ဆင့် အတွေးအမြင် ကြည်လင်မှုသို့၊ အမြင်တွေ ပြောင်းလဲကြပါစို့ ခေါင်းစဉ်များဖြင့် ဆွေးနွေးပြီး ဆရာလှမြင့်က ဘယ်လိုမိဘများဖြစ်ချင်ပါသလဲ၊ မိဘတွေ မိဘအလုပ်က ရပ်နားရမဲ့အချိန်၊ ဘဝရဲ့ အသေးစားအောင်ပွဲများအကြောင်း၊ ဆရာထွန်းက ပျော်ရွှင်ကြည်နူးခြင်းကို ဖြန့်ဝေပါ၊ မယုံကြည်နိုင်လောက်တဲ့ တိုက်ဆိုင်မှုများ၊ အကောင်းဆုံးအရည်အသွေးကို ရယူနိုင်ဖို့၊ တယောကိုတင်ရီလို ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ တက်ရောက်လာသူများ စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း(ပြန်/ဆက်)