မိုင်းခတ်မြို့နယ်၊ ပါကန်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်မူလနှီးဘုရားကြီး၏ (၆၈၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို (၆)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်

မိုင်းခတ် ဧပြီ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းနှုန်းကျေးရွာအုပ်စု၊ ပါကန်ကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင်မူလနှီးဘုရားကြီး၏ (၆၈၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၂၉ ရက်နေ့မှ မေလ ၄ ရက်နေ့ထိ ခြောက်ရက် တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင်မူလနှီးဘုရားကြီးသည် မြန်မာ့သက္ကရာဇ် (၇၀၀) ပြည့်နှစ် အချိန်လောက်က မိုင်းခတ်မြို့နယ်အတွင်းရှိ ရွာကြီး(၄၂)ရွာ၊ ရွာငယ် (၃)ရွာ၊ စုစုပေါင်းရွာ (၄၅) ရွာဖြင့် တည်ထားသည့်အတွက် နဝင်းကြေသော ရွာအုပ်စုဟုခေါ်ဆိုခဲ့ကြကြောင်း၊ ထိုအချိန်တွင် မိုင်းခတ်မြို့ဟု မပေါ်ပေါက်သေးပဲ ယင်းရွာများထဲမှ ပါကန်ရွာတွင် မိုင်းနှုန်းတစ်နယ်လုံးမှ လေးစားရသော ဆရာတော်ကြီးအား တစ်နေ့တွင် အိပ်မက်ပေးရာ မြန်မာနိုင်ငံတွင် ရွှေ၊ ငွေနှင့် ကြေး စသောသတ္တုများနှင့် သွန်းလုပ်သည့် ရုပ်ပွားတော်များသာ ရှိကြသော်လည်း ဝါးနှီးဖြင့် ယက်လုပ်သည့် ရုပ်ပွားတော်မြတ်မရှိသေး၍ ဝါးနှီးဖြင့်ယက်လုပ်သည့် ရုပ်ပွားတော်မြတ်တစ်ဆူ တည်ထားကိုးကွယ်ရန် နတ်သိကြားတို့မှ အိပ်မက်ပေးတော်မူခဲ့ခြင်းကြောင့် ယင်းဝါးနှီးဖြင့် ယက်လုပ်ထားသည့် ရှေးဟောင်းသမိုင်းဝင် မူလနှီးဘုရားကြီးကို နတ်သိကြားတို့နှင့်အတူ ယက်လုပ်ကာ တည်ထားကိုးကွယ်တော်မူလာခဲ့သည်မှာ ယနေ့ထိတိုင် ထူးခြားသပ္ပါယ်တော်မူ ခဲ့သည့် ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။

ယင်းပွဲတော်ကြီးကို ကဆုန်လဆန်းနှင့် ကဆုန်လဆုတ်ရက်များရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ ရှိပြီး ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်၍ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်၊ ကုသိုလ်ရှင် ဥပါသကာများက လာရောက်ဖူးမျှော်ကြသဖြင့် ပွဲတော်နေ့တိုင်း အထူးပင် စည်ကားလျက် ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်