ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူဇော်ခြင်းနှင့် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ကျင်းပ

ကျောက်တော် ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သေလာဂီရိမောရပဗ္ဗ‌ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇေနိယပွဲတော်  ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပူဇော်ခြင်းနှင့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က စေတီရင်ပြင်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့ကြသည်။

ထို့နောက် ကြွရောက်တော်မှုလာကြသော ဆရာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူဇော်ကြသည်။ ဆက်လက်၍ ဧည့်ပရိတ်သတ်များက မြို့နယ်သံဃာ့နာယက ဉက္ကဋ္ဌက သစ်တောကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ဧည့်ပရိတ်သတ်များက စေတီတော်မြတ်အား အမွေးနံသာရည်များဖြင့် ပက်ဖြန်းပူဇော်ကြပြီးနောက် မဂ္ဂင်တောရ ကျောင်းတိုက်ဆရာတော်မှ ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားရှင်အားပင့်ဖိတ်ပြီး မြို့နယ်သံဃာ့နာယကဉက္ကဋ္ဌက သစ်တောကျောင်းတိုက်ဆရာတော်ကြီးထံမှ ဩဝါဒကထာနာယူကြသည်။ ထို့နောက် မြို့မရွှေကျောင်း ကျောင်းတိုက်မှ ဦးနန္ဒကမှ ပဠာန်းတရားတော် နားကြားရန် နတ်ဗြဟ္မာများအား ပင့်ဖိတ်ကြသည်။ ထို့နောက် ပရဟိတဆရာတော်မှ ပန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းလွှာ ဂါထာတော်ကို ဖတ်ကြားပြီး ဆရာတော်အရှင်သူမြတ်များက ပဋ္ဌာန်းဒေသနာတော်မြတ်အား ရွတ်ဖတ်ပူဇော်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း