ကျောက်တံတား ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အနာဂတ်လူငယ်လေးများအသိပညာဗဟုသုတပွားများရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်နှင့်စာပေ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြကြည်နှင့် အငယ်တန်းစာရေး ဒေါ်ခိုင်သဇင်ကျော်တို့က စာမဖတ်သူ ပပျောက်ရေးအတွက် စာပေပွဲတော်၊ စာအုပ်စျေးရောင်းပွဲတော်တွေ ကျင်းပပြုလုပ်ပေးတာတွေ တွေ့ရကြောင်း၊ စာများများဖတ်မှသာစာပေမှရရှိသည့် အသိပညာဗဟုသုတများကိုအခြေခံကာ အမှား၊ အမှန်ဝေဖန်ပိုင်ခြားနိုင်မည်ဖြစ်ကြောင်း၊ ယခုခေတ်ကာလအနေဖြင့် လူငယ်လူရွယ် တော်တော်များများသည် အင်တာနက်ဖုန်းအသုံးပြုမှုတွေသာ များနေကြောင်း၊ မိဘများအနေနှင့် မိမိတို့၏သားသမီးများအတွက်လမ်းမှန်ကို ရွေးချယ်ပေးကြရမှာဖြစ်ကြောင်း၊ အရွယ်မရောက် သေးသောကလေးငယ်များ အင်တာနက် ဖုန်းအသုံးပြုမှုများလာပါက ရေရှည်တွင် ကျန်းမာရေး နှင့်စာရိတ္တပိုင်းတွေပါ ပျက်စီးနိုင်ကြောင်း ဖုန်းအစားစာများများ ဖတ်ကြရန် တိုက်တွန်းချင်ပါကြောင်းစသည်ဖြင့် အပြန်အလှန်အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပုံပြင်၊ ကဗျာရွတ် အစီအစဉ်များနှင့် အခြားအစီအစဉ်များကို ပညာ့အလင်းခေတ်မီစာကြည့်တိုက် Online Facebook page မှတစ်ဆင့် စဉ်ဆက်မပြတ် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)