တောင်ကြီးမြို့တွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ လူငယ်ရေးရာဟောပြောပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်

တောင်ကြီး ဧပြီ ၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ အသိပညာနှင့်နှုတ်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပြိုင်ပွဲ၊ လူငယ်ရေးရာ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားပြီး လူငယ်များ အသိပညာဗဟုသုတရရှိစေရန် သိမှတ်ဖွယ် လူငယ်ရေးရာအကြောင်းအရာများအား ဟောပြောသည်။

ဆက်လက်၍ အတုခိုးမှားသူပုံပြင်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကိုလည်းကောင်း၊ ကြာဆစ်ကြိုးကဗျာဖြင့် ကဗျာရွတ်ပြိုင်ပွဲကိုလည်းကောင်းကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား တောင်ကြီးခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်း နှင့် စာကြည့်တိုက်တွင် စာအုပ်စာစောင်များကို ဆက်လက်ခင်းကျင်းပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း