တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကုစားမှု အသက်၈၀ - ၈၅ နှစ် ဘိုးဘွားများ အတွက် ထောက်ပံ့ငွေများပေးအပ်

ရပ်စောက် အောက်တိုဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ အသက် ၈၀ နှစ် နှင့် ၈၅ နှစ် ဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားများ ပြောကြားသည်။ပြီးနောက် ရပ်စောက်မြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်နှင့်၈၅ နှစ် ဘိုးဘွား (၅၀၇)ဦးအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ၁၅၂၁၀၀၀၀ ကျပ် အား ညွှန်ကြားရေးမှူးကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ကလက်ခံရယူခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဘိုးဘွားများ၏ လက်ဝယ် အရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်း(ပြန်/ဆက်)