မြစ်သားမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝါးဖျာလုပ်ငန်းဖြင့် မိသားစု အပိုဝင်‌ငွေရရှိ

မြစ်သား  ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေသူဌေးရပ်ကွက်၌ တစ်နိုင်တစ်ပိုင် ဝါးဖျာလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းဖြင့် လုပ်ကိုင်ကြပြီး မိသားစုအပိုဝင်ငွေ ရရှိအောင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဝါးဖျာရက်လုပ်ရန်အတွက် အဓိက လိုအပ်သော တင်းဝါးကို အသုံးပြု၍ ဖျာတစ်ချပ်လျှင် တင်းဝါးသုံးလုံးကုန်ကာ တစ်စစ်ထောင့်ဖြတ်ပြီး သုံးညရေစိမ်းထားသော တင်းဝါးများကို နှီးဖျာပြီး ဖျာကြမ်းရက်လုပ်၍ တင်းဝါးနှီးသားဖျာကို စပါး၊ ငရုတ်၊ မြေပဲစသည့်တို့တွင် လှန်းတဲ့အခါမှာ သုံးလေ့ရှိကြောင်း၊ တင်းဝါးနှီးကျောဖျာများကို နှီးကျောဖျာအဖြစ် ရက်လုပ်ကြရာ အိပ်ယာခင်းဖျာအဖြစ် အသုံးပြုလျက်ရှိကြောင်း၊ ဖျာရက်ပြီးသား အရှည်ကျယ်ဝန်း အလျား၇ပေခွဲ အနံ၆ပေ တစ်ချပ်ကို ငွေကျပ်(၁၀၀၀၀ိ/)ဖြင့် ရောင်းရပြီး တင်းဝါးနှီးကျောဖျာ တစ်ချပ်ကိုငွေကျပ်(၂၀၀၀၀ိ/)ဖြင့် ရောင်းချရကြောင်း၊ တစ်နေ့လျှင် ဖျာတစ်ချပ်မျှသာ ပြီးစီး၍ မြစ်သားမြို့ပေါ်နှင့် ကျေးရွာတွင် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ဖျာရက်လုပ်ငန်းကို မိဘဘိုးဘွားလက်ထက်မှ စတင်ကာ လက်မှုပညာလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းဖြင့် ယနေ့အချိန်ထိ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေများ တိုးပွားအောင် လုပ်ကိုင်လျက်ရှိ‌‌ကြောင်း ရွှေသူဌေးရပ်ကွက်နေ ဝါးဖျာရက်လုပ်ငန်းဖြင့် လုပ်ကိုင်သူ ဒေါ်ထွေးထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)