နမ့်ဆန်မြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများအား ကူညီထောက်ပံ့

နမ့်ဆန် ဧပြီ ၂၆   

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု ငွန်ဆိုင်းကျေးရွာတွင် ဧပြီလ (၂၁) ရက်နေ့နံနက်ပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၄) လုံးမီးသင့်ပြီး အိမ်ထောင်စု (၅) စု မီးဘေးသင့်ခဲ့သော မိသားစုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်းထိုက် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်ပြည်သူများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွှဲ (၂) နာရီအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ စုစုပေါင်း အလှူငွေ (၄၃၂၀၀၀) ကျပ်ကို ဥက္ကဌ ဦးဝင်းသန်းထိုက်ကပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစောလွင်မှ (၅၀၀၀၀) ကျပ်၊ နတလ ကျောင်းအုပ်မှ ဆန် (၁) အိတ်၊ မင်္ဂလာရပ်ကွက်နေ ဦးအောင်နိုင်ဝင်းမှ ဆန် (၅) အိတ်နှင့် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်၊ နမ္မဝေါရပ်ကွက်နေ ဦးစံအေးမှ ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်၊ မြို့နယ်အမျိုးသမီးရေးရာမှ အဝတ်အထည်များထောက်ပံ့ပေးကာ ယနေ့အထိ ရရှိသော အလှူရှင် အသီးသီးမှ ထောက်ပံ့အလှူငွေမှာ တစ်ရာ့လေးသိန်း ခုနှစ်သောင်း သုံးထောင်ရှစ်ရာ (၁၀၄၇၃၈၀၀) ကျပ်နှင့် ဆန် (၄၅) အိတ်ရရှိထားကြောင်း ငွန်ဆိုင်းကျေးရွာအုပ်စု မီးဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဌ ဦးဘသောင်းထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)