ပြင်ဦးလွင် ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) တို့ပူးပေါင်း ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ဦးစွာ ရှင်းလင်းပြောကြားပြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်သီသီက သင်တန်းစည်းကမ်းပိုင်းဆိုင်ရာများကို သင်တန်းသားများအား အသိပေးပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဖြစ်သည့် ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သင်တန်းတွင်သင်ကြားမည့် အကြောင်းအရာများနှင့် ရှင်းလင်းပြောကြားပြီး ပထမနေ့ သင်ခန်းစာပို့ချချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အရည်အချင်းများ၊ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ အခမ်းအနားမှူးတစ်ဦး ဆောင်ရန် /ရှောင်ရန်အချက်များ၊ ဝတ်စားဆင်ယင်မှုနှင့် အသံနေအသံထားအကြောင်းနှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နည်းလမ်းများကို စာတွေ့ လက်တွေ့ဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို ဧပြီလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနောက်ဆုံးနေ့တွင် ခန်းမတွင်းအခမ်းအနား၊ ခန်းမပြင် အခမ်းအနားနှင့် ဘာသာရေးအခမ်းအနားများတွင် အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်နေသူ အတွေ့အကြုံရှိသည့် အခမ်းအနားမှူးများ၏ ဟောပြောဆွေးနွေးပို့ချမှုများလည်း ထည့်သွင်းထားပြီး သင်တန်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းသား/ကျောင်းသူ (၃၃) ဦး ပါဝင်တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင်ပြန်/ဆက်)