ရန်ကုန် ဧပြီ ၂၆
၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏အကျိုးကို ဘက်ပေါင်းစုံမှဆောင်ရွက်ပေးနေမှုများအား သိရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှကြီးမှူးပြီး ယနေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၂၉)ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊မင်္ဂလာခန်းမတွင်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးစောဂျက်ကော့ထူး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်ဌေးဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ FTE (လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Tokyo(ပိုက်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Eslite Co.,Ltd (အထည်ချုပ်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့် Tangyih(ဖိနပ်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်းတို့မှ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ အမှုဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့အခမ်းအနားကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏အကျိုးကို ဘက်ပေါင်းစုံမှဆောင်ရွက်ပေးနေမှုများအား သိရှိနိုင်စေရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားသုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး အလုပ်ရှင်၏ အကျိုးစီးပွား ထိခိုက်ခြင်းမရှိစေဘဲ အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများနှင့်အညီ ဆောင်ရွက်ပေးနေသည့် အလုပ်သမားရေးရာကဏ္ဍများအား ဆွေးနွေးဖလှယ်နိုင်ရန် ယခုကဲ့သို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အလုပ်သမားရေးရာကဏ္ဍများအား ဆွေးနွေးဖလှယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်၍အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပွဲအကြောင်းအား ရှင်းလင်းပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အလုပ်သမားရေးရာကဏ္ဍများအား ဦးစီးဌာန/ အဖွဲ့ရုံးများအလိုက် စည်းကြပ်သည့်ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး အုပ်စု(၃)စုဖြင့် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အုပ်စုတစ်စုလျှင် (၁)နာရီ(၃၀)မိနစ်အချိန်ယူ၍ အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက Moderator အဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် ဆွေးနွေးပြီးနောက် အုပ်စုလိုက်သတ်မှတ်ချိန်အတွင်း တက်ရောက်လာသည့် ဧည့်သည်တော်များမှ သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများက Moderator အဖြစ်ဆောင်ရွက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံတော်၏မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဆောင်ရွက်ပေးခဲ့မှုအခြေအနေများအား အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်များက အုပ်စု(၃)စုဖွဲ့၍ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်