မိုင်းပျဉ်း အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက်(၈၀)နှစ် ပြည့်ပြီး(၈၅)နှစ် မပြည့်သေးသည့် ဘိုးဘွားများအားလူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအတွင်းထောက်ပံ့သည့်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်၁၁နာရီက တာဝန်ရှိသူများက ပိန်းဆန်းရပ်ကွက်ရှိ ဘိုးဘွားများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ခင်မို့မို့ထွန်း(အငယ်တန်းစာရေး)နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ပိန်းဆန်း ရပ်ကွက်ရှိ ဘိုးဘွား(၂၁)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၃၀၀၀၀)ကျပ်ကိုအိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မိုင်းပျဉ်းမြို့ပေါ် ရပ်ကွက်(၃)ခု၊ တုံတာမြို့ပေါ် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုအတွင်းရှိ အသက်(၈၀)နှစ်နှင့်(၈၅) နှစ်ကြား သက်ကြီးဘိုးဘွား (၁၁၁)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၃၃၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ထောက်ပံ့ပေးအပ် သွားမည်ဖြစ် ကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)