ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် ဂန္ဓမာပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည် ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင်  ဂန္ဓာဘုရားပန်းမျိုးစုံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေ ရရှိသောကြောင့် မိသားစုစားဝတ်နေရေး  အဆင်ပြေလျက်ရှိကြောင်း  သိရသည်။     

ဂန္ဓမာပန်းမျိုးများအား ပြင်ဦးလွင်မြို့နယ်မှ ဝယ်ယူရပြီး စိုက်ပျိုးကြကြောင်း၊ ဂန္ဓာပန်းသည် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ ရွှေဝါဝင်း စသည့် မျိုးကွဲများစွာရှိကြောင်းနှင့် ဝယ်ယူရာတွင် ပန်းအမျိုးအစားအလိုက် ငွေကျပ်(၁၀)ကျပ်မှ (၁၈)ကျပ်အထိ အမျိုးမျိုးဝယ်ယူ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၁၂၀)တွင် ပန်းအဖူးများ စတင်ဖူးပွင့်ပြီး  နှုတ်ယူရောင်းချရကြောင်း၊ ရောင်းချရာတွင် ပန်းခိုင်(၃၅)ခိုင်ပါ ပန်းစည်း တစ်စည်းလျှင် ငွေကျပ်(၃၅၀၀)မှ (၅၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ဂန္ဓမာပန်းစိုက်ပျိုး ရောင်းချသူ မဇင်မာသန့်ကပြောသည်။

ဂန္ဓမာပန်းစိုက်ပျိုးရာတွင် အပင်သန်ပြီးအပွင့်များလှပစေရန်နှင့် ကိုင်းများများထွက်စေရန်အတွက် သဘာဝမြေဩဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြုကာ စိုက်ပျိုးရကြောင်း၊  ဂန္ဓမာပန်းတစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်အရေအတွက် (၆)သောင်းခန့် ဝင်ဆန့်ကြောင်း၊ ရေသွင်းစိုက်ပျိုးခြင်းထက် ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးပါက ပန်းပင်တစ်ပင်လုံးရေရှိသဖြင့် အရွက်များအမြဲစိမ်းလန်းမှုရှိသောကြောင့် ရောင်းချရာတွင် လူကြိုက်များကြောင်း၊ ဂန္ဓမာပန်းသည် မျိုးကွဲများစွာရှိပြီး အရောင်အသွေးစုံလင်သည့် ပန်းမျိုးဖြစ်သောကြောင့် စိုက်ပျိုးရောင်းချရာတွင် ဝယ်ယူသူများအနေဖြင့် ကြိုက်နှစ်ကြသဖြင့် ပန်းစိုက်ပျိုးရောင်းချသူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)