မိတ္ထီလာမြို့နယ်တွင် ကျွမ်းကျင်သော စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်

မိတ္ထီလာ ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ဒေသပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သော လူငယ်လူရွယ်များ ပေါ်ထွန်းထာစေရန် အခြေခံစက်ချုပ်သင်တန်းကို  မေလတွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုရရှိစေရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူးထောင်နိုင်ရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အကျိုးရှိရှိ အသုံးချနိုင်စေရန်နှင့် အရည်အသွေမြင့် ထုတ်ကုန်ပစ္စည်းများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်ကာလရှည်သင်တန်းများ၊ ကာလတိုသင်တန်းများအဖြစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယင်းသို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ မိမိတို့၏ စိတ်ကူးအကြံဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖန်တီး ချုပ်လုပ်နိုင်စေရန်၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရန်တို့ကို ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို  အခမဲ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ရာ ၎င်းသင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာလ (၁)ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)