တပ်ကုန်း ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါကျောင်းတိုက်ရှိ မဟာဇနကဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မဟာဇနကပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ” ဘဒ္ဒန္တဝဏ္ဏာရဟ အရှင်သူမြတ်အမှုပြု၍ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲ သို့ တက်ရောက်လာသူများက ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သင်ထောက်ကူ ဗလာစာအုပ်၊ ဘော့ပင်များကို သင်တန်းသားများ၏ ကိုယ်စား ကျောင်းသား၊ ကျောင်းသူနှစ်ဦးအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ၁၅မိနစ်ခန့် တရားရှုမှတ်ပြီး၊ ယဉ်ကျေးလိမ္မာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါယဉ်ကျေးလိမ္မာသင်တန်းတွင် စာရင်းပေးသွင်း သင်တန်သား/သူ ၄၂၀ဦး တက်ရောက်ပြီး၊ သင်တန်းကို ဧပြီလ ၂၅ ရက်မှ မေလ ၉ ရက်ထိ နေ့စဉ်နေ့လယ် ၁၂ နာရီမှ ၃နာရီခွဲထိ သီလခံယူခြင်း၊ အခြေခံဗုဒ္ဓဝင်များ၊ ယဉ်ကျေးလိမ္မာဆုံးမစာ ဘာသာရပ်များကို တန်းခွဲသုံးခု ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်