နေပြည်တော် ဧပြီ ၂၆
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ အောင်သင်း ရေးသားထားသည့် “ကျောင်းသား လူငယ်တွေနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဒေါ်နန်းဝင်းဝင်းစိန် (ရဿဝတီမေနန်း)၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးစိန်ဝင်း (စိန်ဝင်းနွယ်-ဘာသာပြန်)၊ ဦးစောဦး(ဈာန်-စွမ်းအင်)၊ ဦးလင်းထွဋ် (ကိုလင်း အညာမြေ)၊ ဦးဟန်ညွန့် (ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးကျော်လွင်မြင့်(မှော်ဝန်း)၊ ဦးအောင်ဝေး (အောင်ဝေး-ညောင်ခြေထောက်)၊ ဦးကျော်ဇော (ရှင်မတောင်နံသာမြေ)၊ ဒေါ်နှင်းနှင်းလွင်၊ ဒေါ်သက်သက်မွန်၊ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU)၊ ဒေါ်ခင်ဆွေယု(သီရိမေ)၊ ဒေါ်ခင်နန်းစိုး (နန်းန်း-စပါးကျီ) တို့က “ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)