မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြော

မန္တလေး ဧပြီ ၂၆

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ယခုအခါ ရာသီဥတုပူပြင်းသည့်အချိန်သို့ ရောက်ရှိနေရာ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုးရောဂါရှိသူများ အနေဖြင့် အထူးဂရုစိုက်ရမည့်ကာလဖြစ်ပါကြောင်း၊ အထူးသဖြင့် သွေးတိုးရောဂါရှိသူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များ ရှိပါကြောင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပြီး အဝမလွန်အောင်နေထိုင် စားသောက်သင့်ပါကြောင်း၊ အငန်ပါသောအစားအစာနှင့် အဆီကိုလွန်ကဲစွာ စားသောက်ခြင်းမပြုရပါကြောင်း၊ အရက်နှင့်ဆေးလိပ်ကိုရှောင်ကျဉ်သင့်ပါကြောင်း၊ သွေးတိုးရောဂါရှိပါက သွေးပေါင်ကိုစံနစ်တကျစစ်ဆေးပြီး စံနစ်တကျခံယူသင့်ပါကြောင်း၊ သင့်တင့်သည့် ကိုယ်လက်လှုပ်ရှားမှုပြုသင့်ပါကြောင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ရင်ဘတ်အောင့်ခြင်း၊ အမြင်အာရုံဝေဝါးလာခြင်း အစရှိသည့်ရောဂါလက္ခဏာများ ခံစားလာရပါက နီးစပ်ရာကျန်းမာရေးဆေးခန်းများသို့ အမြန်သွားရောက်၍ စံနစ်တကျကုသမှု ခံယူသင့်ပါကြောင်းနှင့် နောက်ကျသွားပါက နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း အစရှိသည့် ကြီးမားသည့်ဆိုးကျိုးများကြောင့် ယခုလိုပူပြင်းသည့်ကာလတွင် အထူးဂရုစိုက်ပြုမူနေထိုင်ကြရန်အစရှိသည့် အချက်များကို ဆွေးနွေးကြကြောင်း သိရသည်။

ဒေါ်မြင့်မြင့်သန်း