ချမ်းမြသာစည် ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၁x၁၀၂(အေ) လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဆောင်ရွက်သည့် နွေစပါး စီမံကိန်းအတွက်စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးမင်းက စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နွေစပါးစီမံကိန်းအတွက် လုပ်ငန်းသဘောတူစာချုပ်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးဌာန ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မတ္တရာမြို့နယ် ကိုယ်စားပြု တောင်သူ ဦးလင်းလင်းတို့မှ ချုပ်ဆိုခဲ့ကြသည်။ ဆက်လက်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်မှုအပေါ် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံစီးပွားမြှင့်တင်ရေး ရံပုံငွေဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးမင်းနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)