လယ်ဝေး ဧပြီ ၂၅
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၈ နာရီခွဲက လယ်ဝေးမြို့၊ အဆင့်မြင့်ဧက ၂၀၀ ရှင်းလင်းဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တည်ဆောက်ရေး(၅) ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ချောင်းမငယ်ရေလှောင်တမံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကလမ်းညွှန်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစားသုံးသည့် နိုင်ငံဖြစ်ကြောင်း၊ စပါးသီးနှံကို မိုးနှင့်နွေရာသီတို့တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ နွေစပါးသီးနှံသည် ဆည်ရေရရှိစိုက်ပျိုးနိုင်မှသာ အထွက်နှုန်း ကောင်းမွန်မည်ဖြစ်ပြီး တောင်သူများ ဝင်ငွေမြင့်မားလာမည်ဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ် သွင်းအားစုများ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ လိုက်နာကျင့်သုံးခြင်းတို့ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသော်လည်း ပေါင်းလောင်း၊ ချောင်းမငယ်၊ မဒန်းနှင့် သဲဖြူဆည်များတွင် ရေသိုလှောင်ထားရှိမှု လုံလောက်လျက်ရှိကြောင်းသိရှိရ၍ နွေသီးနှံကို စိုက်ဧရိယာ အပြည့်အဝတွင် လျာထားချက်အတိုင်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ရေကိုစနစ်တကျသုံးစွဲခြင်းဖြင့် ကောင်းမွန်သည့်ရလဒ်ကောင်းများ ရရှိမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဆည်မြောင်းနှင့် စက်မှုလယ်ယာတို့ပူးပေါင်း၍ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနိုင်ငံ၏ စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုသည့်မူဝါဒနှင့်အညီ အားလုံးဝိုင်းဝန်းပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက် ကြစေလိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် Green City၊ Clean City၊ Smart City ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာအားလုံး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မျိုးစေ့နမူနာများနှင့် နွေစပါးသီးနှံတွင် ရုရှားနိုင်ငံထုတ် သစ်ဆွေးမြေအခြေခံ သဘာဝမြေသြဇာများ၏ စပါးသီးနှံအပေါ်အကျိုးသက်ရောက်မှုကို လေ့လာသည့် စမ်းသပ်ကွက်များအား ကွင်းဆင်းကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
အဆိုပါတွေ့ဆုံပွဲသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေအသုံးချသူများအဖွဲ့နှင့် ဒေသခံနွေစပါးစိုက် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)