တာလေမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

တာလေ ဧပြီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နေ့လယ် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ''လူငယ်နဲ့ရည်မှန်းချက်''ခေါင်းစဉ်ဖြင့် လူငယ်ဘဝ ပညာသင်စအရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နှင့် ကိုက်ညီသော ရည်မှန်းချက်ထားရှိရန်၊ ထိုရည်မှန်းချက်ကိုလည်း ရရှိပိုင်ဆိုင်နိုင်ရေး ကြိုးစားကြရန်၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် အပျော်နောက်ချည်း မလိုက်ရန်၊ လူငယ်ဘဝ၏ တန်ဖိုးရှိသည့်အချိန်ကို အလဟသမဖြစ်စေဘဲ ကြိုးစားကြရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသည့် စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင်း ဆွေးနွေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲရခြင်း အကြောင်းအရင်းများ၊ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သများပပျောက်ရေး အသိပညာပေးအကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များအား တက်ရောက်လာသော လူငယ်၊ လူရွယ်များက ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)