မိတ္ထီလာခရိုင်၏ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၏ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်များ ပေးအပ်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မိတ္ထီလာခရိုင်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ယခုဘဏ္ဍာရေးနှစ် ခွင့်ပြုချထားငွေပေါင်းမှာ လုပ်ငန်းပေါင်း ၃၉၄ ခုအတွက် ၁၁.၈၇၉ ဘီလျံဖြစ်ကြောင်း ၊ ယခင်ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုချထားငွေမှာ ၆ ဘီလျံကျော်သာရှိပြီး ယခုဘဏ္ဍာရေးနှစ် ခွင့်ပြုချထားငွေမှာ ထက်ဝက်ကျော်ခန့် တိုးမြှင့်ချထားပေးခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးသည့်နှင့်အမျှ ၎င်းခွင့်ပြုငွေများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲကြရန်လိုအပ်ကြောင်း ၊ ပေးအပ်သော ဒေသန္တရစီမံကိန်းလုပ်ငန်းများ ပြည့်ပြည့်ဝဝ အောင်အောင်မြင်မြင်ဖြစ်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသန့်က ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များကို ခရိုင်အတွင်းရှိ မိတ္ထီလာ၊မလှိုင်၊ ဝမ်းတွင်းနှင့် သာစည် မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့   ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးကလည်းကောင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများထံသို့ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင် များကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ